K Wave News

လူမျိုးခြားအမျိုးသမီးအနုပညာရှင်တစ်ဦးအပေါ်မှာ ခံစားချက်တွေရှိနေကြောင်း ဖွင့်ဟဝန်ခံလိုက်တဲ့ EXO အဖွဲ့ဝင်ဟောင်း Tao

EXO ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်သူ Tao ဟာဆိုရင် အမျိုးသမီးအနုပညာရှင်တစ်ဦးအပေါ်မှာ သူ့အနေနဲ့ ခံစားချက်တွေရှိနေတယ်ဆိုတဲ့အကြောင်းကို နိုဝင်ဘာလ ၂၁ ရက်နေ့ မနေ့တုန်းက Live ထုတ်လွှင့်မှုတစ်ခုမှာ ဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။

ဒီလိုမျိုးဖွင့်ဟဝန်ခံရာမှာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကို နာမည်ထုတ်ပြောပြသွားခြင်းမရှိပေမယ့် ပရိသတ်တွေကတော့ အဲဒီအမျိုးသမီးအနုပညာရှင်ဟာ IU ပဲဖြစ်တယ်လို့ ယုံကြည်ကောက်ချက်ချထားကြတာကို တွေ့ရပါတယ်။

Tao က သူ့မှာ အမှန်တကယ်ချစ်မိနေတဲ့မိန်းကလေးတစ်ယောက်ရှိကြောင်း၊ တကယ်လို့များ သူမဘက်ကသာ သူ့ရဲ့အချစ်ကို လက်ခံမယ်ဆိုရင် တစ်ကမ္ဘာလုံးကို ချက်ချင်းအသိပေးပြီး မနက်ဖြန်မှာ လက်ထပ်ချင်ကြောင်း၊ သူမရဲ့ဗီဒီယိုတွေမှန်သမျှကိုလည်း တစ်နေကုန်ကြည့်နိုင်ကြောင်းနဲ့ သူမကိုချစ်တဲ့အချစ်က ပရိသတ်တစ်ဦးအနေနဲ့မဟုတ်ပဲ ချစ်သူတစ်ဦးအဖြစ် ချစ်မိတာဖြစ်ကြောင်းဆိုတာတွေကို အဆိုပါ Live မှာ ဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ သူတို့နှစ်ဦးက နေထိုင်တဲ့နိုင်ငံချင်းမတူညီတာကြောင့် သူမကို တွေ့လို့မရကြောင်း၊ သူ ပို့တဲ့စာတွေကိုလည်း သူမဘက်က ပြန်လည်တုံ့ပြန်ခြင်းမရှိကြောင်းဆိုတာတွေကိုလည်း အသိပေးပြောပြသွားခဲ့ပါသေးတယ်။

အဲဒီအခါမှာတော့ ပရိသတ်တွေက Tao ရဲ့ Instagram မှာ Follow လုပ်ထားတဲ့အနုပညာရှင်တွေက ဘယ်သူတွေလဲဆိုတာကို ရှာဖွေကြည့်ရမှာတော့ (၃) ဦးပဲရှိပြီး အဲဒီ (၃) ဦးထဲမှာ IU တစ်ယောက်တည်းကသာလျှင် သူနဲ့ နေထိုင်ရာနိုင်ငံချင်းမတူညီတဲ့သူဖြစ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။

ကျန်ရှိတဲ့နှစ်ယောက်ကတော့ သူ့ရဲ့အေဂျင်စီလက်အောက်က အနုပညာရှင်နှစ်ယောက်ဖြစ်ပြီး Weibo က ပရိသတ်တစ်ယောက် မျှဝေထားတဲ့သတင်းအရဆိုရင် Tao ဟာ သူ့ရဲ့ Instagram မှာ IU ရဲ့ပုံကို တင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒါ့အပြင် IU တင်ထားတဲ့ပို့စ်တွေ အတော်များများကိုလည်း Tao က Like ပေးထားတာတွေ့ရတာကြောင့် အဆိုပါအမျိုးသမီးအနုပညာရှင်က IU ပဲ ဖြစ်နိုင်ချေရှိတယ်လို့ ပရိသတ်တွေက ထင်ကြေးပေးကောက်ချက်ချထားကြတာဖြစ်ပါတယ်။

ဒီလိုထွက်ရှိနေတဲ့သတင်းတွေဟာ လတ်တလောအွန်လိုင်းအသုံးပြုသူပရိသတ်တွေအကြားမှာ ပျံ့နှံ့လူပြောများနေပေမယ့်လည်း နှစ်ယောက်လုံးရဲ့အေဂျင်စီတွေကတော့ တုံ့ပြန်မှုတစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

Ref : Koreaboo
Nemo – K Cele Voice

 

Leave a Comment